ရွှီရွှီမြည်သံရဲ့ ဖြစ်ကြောင်းရယ်ကုန်စင်
အသက်ရှူလိုက်တိုင်း ရင်ဘတ်ထဲက ရွှီရွှီအသံမြည်နေတာဟာ အဆုတ်နဲ့ လေပြွန် ရောဂါတွေကြောင့်ပါ။ ရွှီရွှီသံမြည်တဲ့အပြင် အသက်ရှူရခက်တာ၊ မောပန်းတာ၊ ခြေလက်တွေပြာလာတာမျိုး ဆိုရင်တော့ ဆေးရုံဆေးခန်းကို ချက်ချင်းသွားဖို့ လိုပါတယ်။
ဘာ့ကြောင့် ရွှီရွှီမြည်တာလဲ?
လေပြွန်က ပုံမှန်ထက် ကျဥ်းနေတဲ့အခါ ကျဥ်းနေတဲ့လေပြွန်ကို တိုးထွက်ရတဲ့အတွက် အသက်ရှူလိုက်တိုင်း (ရှူသွင်းချိန်ထက် ရှူထုတ်ချိန်မှာ ပိုအဖြစ်များပါတယ်) ဝစီသံလို ရွှီရွှီသံမြည်လာရတာပါ။
မြည်ရတဲ့အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။
ပန်းနာရင်ကြပ် ရောဂါ (Asthma)
ပန်းနာရင်ကြပ်မှာ လေပြွန်ကြွက်သားတွေ ကျုံ့နေတဲ့အတွက် လေပြွန်ငယ် (Bronchioles) လေးတွေ ကျဥ်းပြီး အသက်ရှူကြပ်တာ၊ ရင်ဘတ်အောင့်တာနဲ့ ရွှီရွှီသံမြည်တာတွေ ဖြစ်လာပါတယ်။
ဆေးလိပ်ကြောင့်ဖြစ်တဲ့ နာတာရှည်အဆုတ်လေပြွန် ကျဥ်းတဲ့ရောဂါ (COPD)
COPD ဟာ ဆေးလိပ်ကြောင့်ဖြစ်တဲ့ နာတာရှည် လေပြွန်ယောင်ခြင်း (Chronic Bronchitis) နဲ့ လေအိတ်ဖောင်းခြင်း (Emphysema) ကြောင့် လေပြွန်တွေကျဥ်းလာတဲ့ ရောဂါဖြစ်ပြီး ရှူသွင်းရှူထုတ်ရတဲ့လေတွေက ကျဥ်းနေတဲ့လေပြွန်တွေကို တိုးတိုက်ပြီး ရွှီရွှီသံ မြည်ပါတယ်။
အဆုတ်လေပြွန်ကျယ်တဲ့ရောဂါ (Bronchiectasis)
အဆုတ်လေပြွန်ကျယ်ပြီး နာတာရှည် ချောင်းဆိုးသလိပ်ပါတဲ့ Bronchiectasis ရောဂါမှာ ပုံမှန်ထက်ပိုမိုထွက်တဲ့ သလိပ်ပျစ်ပျစ်တွေက အသက်ရှူလမ်းကြောင်းထဲမှာ ပိတ်ဆို့နေတတ်လို့ ရွှီရွှီသံမြည်စေပါတယ်။
အဆုတ်လေပြွန်ပိုးဝင်တဲ့ရောဂါ (Bronchiolitis)
Bronchiolitis က အဆုတ်လေပြွန်ငယ်လေးတွေမှာ Respiratory Syncytial Virus (RSV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးဝင်လို့ ဖြစ်တာဖြစ်ပြီး ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဆောင်းရာသီမှာ ဖြစ်တတ်ပြီး များသောအားဖြင့် ပြင်းထန်လေ့မရှိပါဘူး။
အဆုတ်ပိုးဝင်ခြင်း
ရာသီအကူးအပြောင်းမှာ ဝင်တတ်တဲ့ဗိုင်းရပ်စ်ပိုးတွေ၊ Covid လို ဗိုင်းရပ်စ်ပိုးတွေကြောင့်လည်း တခါတရံ ရွှီရွှီမြည်နိုင်ပါတယ်။
လေပြွန်ထဲ ပြင်ပအရာဝတ္ထုဝင်ရောက်ခြင်း
ပဲ့စေ့လို အရာဝတ္ထုလေးတွေ လေပြွန်ငယ်ထဲမှာ ပိတ်ဆို့နေရင်လည်း ရွှီရွှီသံမြည်နိုင်ပါတယ်။ ပြင်ပအရာ ပိတ်ဆို့တာဟာ အချိန်ကြာလာတာနဲ့အမျှ အသက်အန္တရာယ် စိုးရိမ်ရတာမို့ မှန်ပြောင်းကတဆင့်ကြည့်ပြီး ပြန်လည်ထုတ်ယူဖို့ လိုအပ်ပါတယ်။
လေပြွန်ထဲမှာ ကင်ဆာအကျိတ်ရှိခြင်း
ရှားပါးပေမယ့် လေပြွန်ထဲမှာ ကင်ဆာအကျိတ်ရှိနေခဲ့ရင်လည်း ရွှီရွှီသံ မြည်နိုင်ပါသေးတယ်။
ရွှီရွှီသံမြည်တာဟာ အရေးကြီးတဲ့ လက္ခဏာတစ်ခုပါ။ မြည်ရတဲ့အကြောင်းရင်ကို ရှာဖွေပြီး ကုသနိုင်ဖို့ လိုအပ်သလို့ အရေးပေါ်အခြေအနေတွေလည်း ဖြစ်နိုင်တာမို့ ရွှီရွှီသံမြည်နေရင် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်